မောင်အောင်ထက် | သောကြာနေ့၊ ဇွန်လ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၃၉ မိနစ်
စာအုပ်အမည် အရက်သမား အမှားတခါ
စာရေးသူအမည် သုမောင်
စာအမူခွင့်ပြုချက် ၁၉၃/၂ဝဝ၂ (၂)
ထုတ်ဝေ/ ဖြန့်ချိရေး တွတ်ပီစာပေ
အရက်သမား အမှားတထောင်ဟူသည် ရှိခဲ့သလို၊ အရက်သမား အမှားတခါဟူ၍လည်း စာပေနယ်တွင် ပေါ်ပေါက်ခဲ့ဖူးသည်။ ဆရာကြီး လူထုဦးလှက လူငယ်ပညာပေး၊ အမျိုးသားထုကျန်းမာရေး၊ စိတ်ဓာတ်ကြံ့ခိုင်ရေး စသော အခြေခံအကြောင်းတရားများဖြင့် ပြုပြင်ရေးဆောင်းပါးများကို ရေးသားခဲ့ပြီး ထိုစာအုပ်အမည်ကို “အရက်သမား အမှားတထောင်” ဟု အမှတ်သညာပေးခဲ့သည်။
သုမောင်၏ “အရက်သမား အမှားတခါ” သည်ကား အမှန်အမှားကို ဝေဖန်ပိုင်းခြား ပြခြင်း၊ မိမိကျူးလွန်ခဲ့သည့် အပြစ်များကို ဝန်ခံခြင်းလည်းမဟုတ်၊ တရားရစရာ အနေနှင့် လည်း ဖော်ကျူးခြင်းမဟုတ်ဘဲ သူ၏ အတွင်းစကားများကို သာမန်ရိုးရိုး ဖောက်သည်ချလိုခြင်းသာ ဖြစ်သည်ဟူလည်း ဖွင့်ဟထားသည်။ |
ထို့ပြင် လူထုဦးလှ၏ ခေါင်းစည်းအား မှီငြမ်းခဲ့မိခြင်းသည်လည်း လူထုဦးလှအား သရော်လိုခြင်း၊ လှောင်ပြောင်လိုခြင်း မဟုတ်ဘဲ၊ ဆရာကြီးလူထုဦးလှ၏ စာအုပ်အား စွဲလမ်းသည့်အတွက်သာ မှီငြမ်းခြင်းဖြစ်ကြောင်း ဝန်ခံထားပါသည်။
မည်သို့ပင်ဆိုစေကာမူ အမှားတထောင်နှင့် အမှားတခါတို့သည် မူချင်းမတူသော်လည်း အခြေခံပုံကား တူညီသည်။ ဆရာကြီး လူထုဦးလှကား ပညာပေး၊ ကျန်းမာရေး၊ စိတ်ဓာတ်ကြံ့ခိုင်ရေးတို့ဖြင့် ပြုပြင်ရေးကို အခြေခံ၍ တမျိုးသားလုံးအတွက် မျက်စိဖွင့်ပေးခဲ့သလို၊ (ဦး) သုမောင်၏ အရက်သမား အမှားတခါသည်လည်း ကိုယ်ကိုယ်တိုင် ကျင်လည်ကြီးပြင်းလာရာ ဘဝတလျှောက်ဆီက အမှားများကို ပရိသတ်ဆီ သာမန်ရိုးရိုး ဖောက်သည်ချနေသည်ဟုဆိုသော်လည်း … သွယ်ဝိုက်သောနည်းဖြင့် ပရိသတ်ရင်တွင်း ’’ငါ့ကျရင်လည်း ဒီလိုမဖြစ်အောင် ဆင်ခြင်လေမှပဲ’’ ဆိုသည့် အတွေးမျိုးကလေး တခုတလေ ဝင်ကောင်း ဝင်သွားနိုင်သည်ဟု မှတ်ယူမိပါသည်။
……….
အရက်သမားဟူသည့် အသံကြားရုံမျှနှင့်ပင် လူတို့သည် နှာခေါင်းရှုံ့ကြ၊ ကဲ့ရဲ့ကြမည်မှာ လူတိုင်းအသိပင် ဖြစ်ပါသည်။ ထိုကဲ့သို့ပင် အရက်သမားဟူသည်မှာလည်း ဆယ်ခွေ့ တခွေ့တွင်ပင် ကောင်းသည်ဟူ၍လည်း မကြားဘူးခဲ့။
အရက်သမားဟူသည် တစက်နှစ် စက်လောက်ကလေး ဝင်လာပြီဆိုရင်ဖြင့် လျှို့ဝှက်အပ်သည်တို့၊ အရှက်အကြောက်နှင့် ဖုံးကွယ်ထားသည်တို့သည် “ထန်းရေမူး ကျွဲခိုးပေါ်” ဆိုသကဲ့သို့ပင် ဗူးပေါ်သလို ပေါ်ကုန်ကြခြင်းသာ ရှိသည်။ |
အရှက်သိက္ခာတို့သည် ထိုအချိန်အခါမျိုးတွင် သူတို့နှင့် ရန်သူသဖွယ်ပင် ဖြစ်သည်။ ဆေးကောင်း ဝါးကောင်းကို လူတို့၏ လျှာသည်မစွဲ ...။ ထိုသည်ကား အမှန်တကယ်ဟုပင် ဆိုရမည်ဖြစ်သည်။
……….
(ဦး) သုမောင် ၁၆ နှစ်သားအရွယ် ... ဒါရိုက်ဖြစ်သူ ဖခင်၏ မန်နေဂျာထံတွင် ရုပ်ရှင်ပညာများကို ဆည်းပူးရင်း မန်နေဂျာအခေါ် အားလူးပြုတ်ရည် (ဘီယာ) အား ရမ်နှစ်ပက်နှင့်ရော၍ မန်နေဂျာနှင့်အတူ မှီဝဲခဲ့မိသဖြင့်၊ ဖခင်ဖြစ်သူမှာသည့် လက်ရေးတိုစာရွက်ကလေးပေါ်က .. “ပိုတာ ကွေကာအုပ်ဝယ်ခဲ့” နှင့် .. “ပိုတာတွေ အုတ်ဝယ်ခဲ့” ဟု သူရာရေတန်ခိုးဖြင့် အမြင်ဝေဝါးခဲ့သည့်အတွက် ကွေကာအုပ်တထုပ်အစား၊ အုတ် ၈ဝဝဝ ကျော် ဝယ်မိခဲ့သည်။ ထိုသည်ကား ၁၆ နှစ်သား ကွမ်းစကားပိုင်ရှင်၏ သူရာရေတန်ခိုးထွားမှုကြောင့် ပထဆုံးထွက်လာသည့် ပထမဆုံးအမှား ….။ တခါသောက် တခါမှားဟူသည့် သူ၏ စကားသည်လည်း မှန်ကန်သည်ဟု ဆိုရမည်။
နောက်ပိုင်းတွင် .... တဖြည်းဖြည်းနှင့် ရင့်ကျက်လာသောအခါ တိုင်းသိ၊ ပြည်သိ နိုင်ငံကျော် စာရေးဆရာ၊ သရုပ်ဆောင်နှင့် အဆိုတော်ဖြစ်လာသကဲ့သို့ပင် သူရာရေအပေါ်တွင် ထားရှိသည့် သံယောဇဉ်သည်လည်း တဖြည်းဖြည်း တိုးတိုးရစ်ပတ်လာခဲ့လေသည်။ သို့သော်လည်း အများတကာရှေ့၊ သူတကာရှေ့တွင် ဘယ်လိုသောက်သောက်၊ ဘယ်လိုမူးမူး၊ ချစ်ကြောက်ရိုသေရသည့် ဖခင်ကြီးရှေ့တွင်မူ မှင်မောင်းအပြည့်နှင့် ...။ သိသာသိစေ.. မမြင်စေနဲ့ထုံး နှလုံးမူသူ ...။
……….
စစ်တို့မည်သည် တဦး.. တယောက်မှသော်လည်းကောင်း၊ တစုတဖွဲ့မှသော်လည်းကောင်း၊ နိုင်ငံတနိုင်ငံ လူမျိုးတမျိုးထိတိုင် ချဲ့ကားနိုင်သည်။ ထို့အပြင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့ကို အခြေခံထားသည့် ပြည်တွင်းစစ်လိုဟာမျိုးသည်လည်း တမျိုးပင် ဖြစ်သည်။
ကွမ်းစကားသခင်သည်လည်း စစ်ပွဲတပွဲ တိုက်ပွဲတပွဲ၏ စစ်သည်တော်တဦး ဖြစ်ခဲ့ဖူးသည်။ ထိုသည်ကား ဖခင်ဖြစ်သူ ဦးသာဓုနှင့် တိုက်ခိုက်သော စာပေတိုက်ပွဲဟု ဆိုထားသည်။ ဖခင်ဖြစ်သူက အရက်ဆို အလွန်မုန်းသူ၊ သားဖြစ်သူက အရက်ဆိုလျှင် နှစ်လိုဖွယ် အဆင်းလို့ မြင်သူပင် ဖြစ်သည်။
ဦးသာဓုသည် အရက်ဆို အလွန်မုန်းတီးလှသော်လည်း ဆေးလိပ်အလွန်ကြိုက်သူ…။ ထို့ကြောင့်ပင် သားဖြစ်သူက ဖခင်ကို ဆေးလိပ် အဆက်မပြတ်သောက်တတ်သူ (Chain smoking) အဖြစ် အမြဲဆိုသည်။ ဖခင်ကလည်း သူ့သား (ဦး) သုမောင် အရက်သောက် တတ်နေသည်ကိုသိသော်လည်း … လက်ပူးလက်ကျပ်မမိ။ မိသွားသော တနေ့သည် … သာဓု၊ သုမောင် စာပေတိုက်ပွဲ၏ အစဖြစ်သည်။
ဦးသာဓု အိမ်နံရံတွင် ကပ်ထားသည့် “ငါ့အဖေ အရက်မသောက်ခဲ့သဖြင့် ငါ့အား အရက်သမားသားဟု အခေါ်မခံခဲ့ရ။ ငါ့သားများ အရက်မသောက်လျှင် အရက်သမား အဖေဟု အခေါ်မခံရသော နောက်ထပ် ဂုဏ်တခု တိုးပေဦးမည်” ဟူသည့် နံရံကပ် ဝေဖန်ရေးစာတမ်းများအား ရေးကပ်ထားသော်လည်း (ဦး) သုမောင်သည် အပြုံးမပျက်ခဲ့။ သောက်မြဲသောက်ခဲ့သည်။
ဦးသာဓု သိသွားသောအခါတွင် “သြစတြေးလျနိုင်ငံတွင် ဘီယာ သောက်သုံးသူ ဦးရေများလာသောကြောင့် ကင်ဆာရောဂါ ပိုမိုဖြစ်ပွားသည်” ဟူသည့် သတင်းစာဖြတ်ပိုင်းလေးတခုကို ဦး (သုမောင်) မျက်နှာသစ်သည့် နေရာတွင် ကပ်ထားလိုက်ပြီး အဖေက သူ့ကို နှက်နေပြီဟု ရိပ်မိသွားသည့်အခါ “လုပ်သားပြည်သူ့နေ့စဉ်” သတင်းစာပါ ဆေးလိပ်စီးကရက်သောက်ခြင်းသည် ကင်ဆာရောဂါကို ပိုမိုဖြစ်ပွားနိုင်စေဟူသည့် ကျန်းမာရေး ဆောင်းပါးတပုဒ်ဖြင့် ကပ်ကြေးဖြင့် အသေအချာညှပ်ပြီး ဖခင်၏ စားပွဲပေါ်တွင် တင်ထားလိုက်ပြီး စာပေတိုက်ပွဲကို စတင်ခဲ့သည်။
သူတပြန် ကိုယ်တပြန် ရေးလိုက်၊ နှက်လိုက်နှင့် လအတော်အတန်ကြာသည့် သာဓု၊ သုမောင် စာပေတိုက်ပွဲသည်၊ သူ့ထက် အရာရာ အတွေ့အကြုံဗဟုသုတအပြင် ဖခင် ဟူသည့် ရာထူးအား ယူထားသည့် ဦးသာဓု၏ တလုံးတည်းသော စကားလုံးဖြင့် စာပေတိုက်ပွဲသည် နိဌိတံခဲ့ရသည်။ ထိုသည်များသည်လည်း ကွမ်းစကားသခင်၏ အတွင်းစကားများပင် ….။
……….
ကွမ်းစကားပိုင်ရှင်၏ အတွင်းစကား အမှားတခုကား ….
ယောက္ခမဖြစ်သူက …
“သားရယ် … အမေ့မှာ သမီး ၄ ယောက်ရှိတော့ သမက်လည်း ၄ ယောက်ရှိတာပေါ့ကွယ်။ ဒါပေမဲ့ သမက်တွေ အားလုံးထဲမှာ မင်းကို အမေအချစ်ဆုံးပါ။ ဒါက မင်း ပိုက်ဆံရှာနိုင်လို့၊ နာမည်ကြီးလို့၊ အေးပုံကို ဂရုစိုက်လို့ ဆိုတာတွေကြောင့် မဟုတ်ပါဘူး။ မင်းဟာ စာရေးဆရာတယောက် ဖြစ်နေလို့ပါ။ အမေတို့အမျိုးထဲမှာ စာရေးဆရာတယောက်ရှိတာ အမေက ဂုဏ်ယူလို့ပါ။ အရက်မသောက်ပါနဲ့လားကွယ်…”
တန်ဖိုးရှိလှတဲ့ ယောက္ခမရဲ့ စကားအောက်မှာ ကွမ်းစကားပိုင်ရှင်၏ အမှားစကားကား .…
“ဟုတ်ကဲ့ပါအမေ …။ ကျနော်ကလည်း ယောက္ခမတွေ အားလုံးထဲမှာ အမေ့ကို အချစ်ဆုံးပါ”
……….
အမည်ရင်း မောင်ဗလဖြစ်တဲ့ ရုပ်ရှင်မင်းသား (ဦး) သုမောင်သည် အနုပညာနယ်ပယ်တွင် ပါရမီရှိသူ တယောက်ဟုပင် ဆိုနိုင်ပါသည်။ ၁၉၇ဝ ခုနှစ်က အုပ်စိုးအမည်ဖြင့် ဝတ်မှုံဂျာနယ်ပါ “သနပ်ခါးရည် ကျဲကျဲ” ဝတ္တုတိုသည် သူ၏ ပထမဆုံးသော သူ၏ စာပေလက်ရာ ဟုပင်ဆိုနိုင်ပါသည်။ ထို့ယခင်က ယုဝတီဂျာနယ်တွင် စာပြင်အဖြစ် လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများကိုလည်း ရေးသားခဲ့သူ ဖြစ်သည်။
၁၉၇၄ ခုနှစ်က သူဆိုသည့် အချစ်သည် ယခုအချိန်ထိတိုင် နှောင်းလူတို့ကြားတွင် မွေ့လျော်နေဆဲပင် ဖြစ်သည်ဟု ဆိုရမည်။
ကွမ်းစကားသခင်သည် ဖခင် စာရေးဆရာဒါရိုက်တာကြီး ဦးသာဓုနှင့် မိခင် ဒေါ်ခင်ညိုတို့၏ က ၁၉၅၁ ခုနှစ် မတ်လတွင် မွေးဖွားခဲ့သည်။ မွေးချင်း ညီအကိုမောင်နှမ ၄ ယောက်တွင် တတိယမြောက်ဖြစ်သည်။ ငယ်စဉ်က စိန်ပေါလ် (အထက ၆ ၊ ဗိုလ်တထောင်) တွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် စက်မှုလက်မှု အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့သည်။
၁၉၆၆ ခုနှစ်တွင် ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့ပြီး ၁၉၇ဝ ခုနှစ်တွင် အုပ်စိုးဟူသည့် အမည်ဖြင့် “သနပ်ခါးရည် ကျဲကျဲ” ဝတ္တုတိုနှင့်အတူ စာပေနယ်သို့ စတင်ခြေချခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် “အချစ်” ဟူသည့် လုံးချင်းဝတ္တုကို ရေးသားခဲ့ပြီး၊ ရုပ်ရှင်သရုပ်ဆောင်မှု အပိုင်းတွင်လည်း ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်လင်မယား စသည့် ရုပ်ရှင်ဇာတ်ကားများဖြင့် သုမောင်ဟူသည့် အမည်သည် ပို၍ ခိုင်ခန့်လာခဲ့ရသည်။ ထို့ပြင် နှောင်းတမြေ့မြေ့၏ နောက်ခံတေးသီးချင်းဖြစ်သည့် “ပန်းဦးပန်ဦးမယ့် … သူ” သီချင်းကို သီဆိုရင်းဖြင့်လည်း ဂီတလောကကို စတင်ထိတွေ့ခဲ့သူ ဖြစ်သည်။
၁၉၇၈ ခုနှစ်တွင် စာဖတ်သူအကြိုက် မန္တလေးစာပေဆုကို အမေ၏အမေ ကိုယ်တွေ့စာတမ်းငယ်ဖြင့် ရရှိခဲ့ပြီး၊ ၁၉၉ဝ ခုနှစ်တွင်တော့ ရုပ်ရှင်လောက၏ အကယ်ဒမီဆုကို “ခုနှစ်စဉ်အလွမ်း” ဇာတ်ကားဖြင့် ရရှိခဲ့သည်။
၁၉၉၉ ခုနှစ် - ''ကွမ်းစကား'' (ဝတ္ထုတိုပေါင်းချုပ်)၊ ''ကြွေ-မိန်းခလေးပုံပြင်နှင့် ဘဝရသစာစုများ''၊ ''ပန်းယွန်းအိမ်'' (စုပေါင်း)၊ ''မှတ်မှတ်ရရ- ရှုမဝ ဝတ္ထုတိုများ'' စာအုပ်တို့ ထွက်ရှိခဲ့သည်။
စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်တဖြစ်လဲ (ဦး) သုမောင်သည် ရုပ်ရှင်ဇာတ်ကားကြီးပေါင်း ၄ဝ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး တေးသီးချင်း အပုဒ်ပေါင်း ၂ဝဝဝ ကျော်မှ သီဆိုခဲ့သည်။ သူ၏ ထင်ရှားသော စာအုပ်အချို့မှာ “အချစ်၊ အချစ်လား သူဖျားနေတယ်၊ ‘ဍ’ ရင်ကောက်နှင့်အခြားဝတ္ထုတိုများ၊ ဝတ္ထုတိုတပုဒ် ပေးပို့ခြင်း (ဝတ္ထုတိုပေါင်းချုပ်)၊ ကွမ်းစကား (ဝတ္ထုတိုပေါင်းချုပ်)၊ သာဓုအင်ဆန်း(စ်) (စုပေါင်း)၊ အရုပ်ကလေး၊ အရက်သမား အမှားတခါ (ဆောင်းပါးပေါင်းချုပ်)၊ ပင်တိုင်စံမကောင်းပါဘူးကွယ်” တို့ ဖြစ်သည်။
ကွမ်းစကားသခင်သည် စာပေနယ်တွင်သာမက ရုပ်ရှင်သရုပ်ဆောင်မှု နယ်ပယ်တွင်လည်း သုမောင်ဟူသည့် အမည်ဖြင့်ပင် ထူးချွန်ခဲ့သူတဦး ဖြစ်သည်။ သူသည် ဖြစ်ကြောင်းကုန်စင် မိသားစုပုံပြင်များအတွင်း အရှိကိုအရှိအတိုင်း ရေးတတ်သူတဦးလည်း ဖြစ်သည့်အတွက် ရှင်းရှင်းနှင့် ဘွင်းဘွင်းရှိသူ တဦးဟု ဆိုရမည်။ ဘဝပေါ်က ရခဲ့သည်တို့ကို သူ့ကလောင်စွမ်းဖြင့် ပရိသတ်ဆီသို့ ဖောက်သည်ချခဲ့သည်။ သူ၏ အတွင်းစကားတို့ကို စာပေမှတဆင့် ပရိသတ်သို့ အရက်သမား အမှားတခါဖြင့် မခြွင်းမချန် ဖွင့်ဟခဲ့ပြီ ဖြစ်သည်။
ဤကမ္ဘာပေါ်သို့ သူရာရည်တို့ တစိမ့်စိမ့် ယိုထွက်နေသမျှကာလပတ်လုံး ကွမ်းစကားသခင်၏ အတွင်းစကားများသည် နှောင်းခေတ်လူတို့ကြားတွင် ပြန့်နှံ့နေဦးမည်သာဖြစ်သည်ဟု ယုံကြည်မိပါသည်။
Ref :::::
http://mizzimaburmese.com/edop/songpa/5581-2010-06-25-05-16-56.html